အိပ်ချိန်ပြည့်ဝတဲ့လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်ပျက်နေလဲ
(၂၁) ရာစုမှာ လူတွေဟာ အလုပ်အကိုင်၊ ပညာရေး၊ မိသားစု၊ အနာဂတ်၊ အသက်ရှင်ရပ်တည်ဖို့ အစရှိတဲ့ အကြောင်းပြချက်တွေနဲ့ ပူပန်သောကရောက်ပြီး ညဘက်အိပ်ချိန်တွေကိုပါ ထိခိုက်လာပါတယ်။ ဒါ့အပြင် အရင်ကတည်းကလည်း အိပ်ချိန်ဟာ လူ့ကျန်းမာရေးအတွက် အရေးမကြီးပါဘူးဆိုတဲ့ ဂျင်းတချို့ကြောင့် လူတွေဟာ အိပ်ချိန်ကို အမှုမဲ့အမှတ်မဲ့ နေလိုက်ပါတယ်။
တကယ်တော့ အိပ်ချိန်ပြည့်ဝမှုဆိုတာ လူတစ်ယောက်ရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေးအတွက် အရမ်းအရေးကြီးပြီး နေ့စဉ်မရှိမဖြစ်လိုအပ်တဲ့ အရာပါပဲ။ လူတစ်ယောက်ရဲ့ တစ်နေ့တာအိပ်ချိန်ကို ညအိပ်ချိန်နဲ့သာ တိုင်းတာပြီး နေ့လယ်ဘက် တစ်ရေးတမောအိပ်တာကိုတော့ အိပ်ချိန်ထဲ ထည့်ပေါင်းမှာမဟုတ်ပါဘူး။
အိပ်ချိန်ပြည့်ဝတဲ့အခါ ခန္ဓာကိုယ်မှာ ပြောင်းလဲမှုအနေနဲ့
၁။ နှလုံးအားကောင်းလာမယ်။
အိပ်နေစဉ်အတွင်းမှာ နှလုံးဟာ ပုံမှန်အတိုင်း ခုန်နေပြီး သွေးစုပ်ထုတ်မှုတွေကို ပြုလုပ်နေတဲ့အပြင် လေကိုလည်း ပုံမှန်ရှူသွင်းရှူထုတ်နေရတာကြောင့် နှလုံးအားကို ကောင်းစေပါတယ်။ နှလုံးကျန်းမာလာတာနဲ့အမျှ သက်လုံကောင်းပြီး အမောခံနိုင်ဖို့နဲ့ မလိုအပ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါတွေ မဖြစ်လာအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
၂။ ပျက်စီးသွားတဲ့ဆဲလ်တွေကို ပြုပြင်ပေးတယ်။
ခန္ဓာကိုယ်ဟာ တစ်ရက်ကုန်ဆုံးလာတာနဲ့အမျှ ကိုယ်တွင်းအင်္ဂါတွေ အလုပ်လုပ်နေရသလို၊ ဇီဝကမ္မဖြစ်ပျက်ပြောင်းလဲနေတဲ့အတွက် ဆဲလ်တွေ ပျက်စီးနိုင်ပါတယ်။ အိပ်ချိန်ဟာ ဒီပျက်စီးနေတဲ့ဆဲလ်တွေကို ပြန်ပြုပြင်ပေးပြီး နောက်ထပ်ဆဲလ်အသစ်တွေ ထပ်ထွက်အောင် ကူညီပေးနိုင်ပါတယ်။
၃။ ကြွက်သားထုကို တည်ဆောက်ပေးတယ်။
အိပ်ပျော်နေစဉ်တစ်လျှောက်လုံးမှာ ဆုတ်ပြဲသွားတဲ့ကြွက်သားမျှင်တွေကို ပြန်ကုစားပေးပြီး နောက်ထပ်ကြွက်သားအမျှင်တွေကို ထွက်လာစေတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းလုပ်လို့ ကြွက်သားတွေ နာကျင်ကိုက်ခဲတဲ့ ဒဏ်ကို သက်သာစေပြီး ကြွက်သားထုမြန်မြန်တက်လာအောင် ကူညီပေးနိုင်ပါတယ်။
၄။ ဦးနှောက်အာရုံကြောစနစ်ကို အားကောင်းစေတယ်။
အိပ်စက်ခြင်းနဲ့ ဦးနှောက်ဟာ တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ လူတစ်ယောက်အိပ်လိုက်တဲ့အခါ ဦးနှောက်ဟာ ဆက်ပြီးအလုပ်လုပ်နေသေးပေမယ့် ကောင်းစွာအနားရတဲ့အတွက် အာရုံကြောစနစ်ကို ကောင်းမွန်စေသလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဦးနှောက်လုပ်ဆောင်မှု ချို့ယွင်းတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဦးနှောက်က ကောင်းစွာ အလုပ်လုပ်နိုင်တဲ့အခါ မှတ်ဉာဏ်ကောင်းပြီး၊ သတိမေ့တာတွေ မဖြစ်အောင် ကာကွယ်ပေးတယ်။ လန်းဆန်းတက်ကြွပြီး တစ်နေ့တာလုံး အားအင်တွေ ပြည့်နေစေပါတယ်။
၅။ ဟော်မုန်းမျှခြေကို ထိန်းပေးတယ်။
လူတစ်ယောက်မှာ ဟော်မုန်းမျှခြေ (Hormonal Balance) မရှိတဲ့အခါ ရုပ်ခန္ဓာမှာရော စိတ်ကျန်းမာရေးမှာပါ ဘေးထွက်ဆိုးကျိုးတွေ၊ ပြောင်းလဲမှုတွေနဲ့ ကြုံလာရနိုင်ပါတယ်။ ယောက်ျားလေးမှာဆိုလည်း ကျားဟော်မုန်းပမာဏ ပိုများဖို့၊ မိန်းကလေးဆိုရင်လည်း မဟော်မုန်းပိုများဖို့၊ စိတ်ဖိစီးမှုဟော်မုန်းတွေနည်းပြီး ပျော်ရွှင်မှုဟော်မုန်းတွေ ပိုထုတ်လုပ်ဖို့၊ ခန္ဓာကိုယ်ရဲ့ အကျိုးပြုဟော်မုန်းထုတ်လုပ်နှုန်းကို မြှင့်တင်ဖို့ အိပ်စက်ခြင်းက ကူညီပေးပါတယ်။
၆။ စိတ်ကိုပျော်ရွှင်စေတယ်။
ကောင်းစွာအိပ်စက်အနားယူနိုင်တဲ့အခါ ပျော်ရွှင်မှုကို သက်ရောက်မှုရှိတဲ့ ဦးနှောက်အာရုံကြောစနစ်က အားကောင်းသလို၊ လိင်ဟော်မုန်းနဲ့ ပျော်ရွှင်ခြင်းဟော်မုန်းတွေကို ခန္ဓာကိုယ်က ပိုထုတ်လုပ်ပေးနိုင်တာကြောင့် လူတွေဟာ ပျော်ရွှင်တက်ကြွပြီး စိတ်ဖိစီးမှုဒဏ်တွေကြောင့် ထိခိုက်နိုင်ခြေကို သက်သာစေနိုင်ပါတယ်။
ဒါကြောင့် လူတစ်ယောက်ဟာ ကျန်းမာအသက်ရှည်ဖို့၊ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့ ညဘက်မှာကောင်းစွာ အိပ်စက်အနားယူဖို့ အလွန်အရေးကြီးပါတယ်။ ဒီလို အိပ်စက်ပါမှ နောက်ရက်တွေမှာ အားအင်အပြည့်နဲ့ လန်းဆန်းတက်ကြွပြီး အလုပ်တွေကို ပိုလုပ်နိုင်မှာပါ။
အိပ်စက်တော့မယ်ဆိုရင် မလိုအပ်တဲ့ ပြဿနာတွေ၊ စိတ်ညစ်စရာတွေကို အိပ်ခန်းအပြင်မှာ ထားခဲ့ပြီး စိတ်အေးလက်အေး အိပ်လိုက်ပါ။ မလိုတာတွေနဲ့ ကိုယ့်စိတ်ကို အညစ်ခံပြီး အိပ်ရေးပျက်နေမယ့်အစား အိပ်ရေးဝဝအိပ်လိုက်တာက ကိုယ့်ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ အဖြေကိုရဖို့ ပိုလွယ်ကူနိုင်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်